“လူငယ်မီဒီယာတံတား ပြည်သူ့နှလုံးသားချင်းဆက်သွယ်” တရုတ်-မြန်မာလူငယ်များ နည်းပညာသစ်မီဒီယာ ပူးပေါင်းဖန်တီးရေးအစီအစဉ်စတင်


၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်းစန်းမြို့၌ “လူငယ်မီဒီယာတံတား ပြည်သူ့နှလုံးသားချင်းဆက်သွယ်” တရုတ်-မြန်မာလူငယ်များ နည်းပညာသစ်မီဒီယာ ပူးပေါင်းဖန်တီးရေးအစီအစဉ် နှင့် "ပေါင်းစန်းမြို့သို့ ပေါက်ဖော်ခရီးစဉ်" ခေါင်းစဉ်ဖြင့် မြန်မာ-တရုတ်လူငယ်များ ပေါင်းစန်းလေ့လာရေးခရီးစဉ် စသည့်အခမ်းအနား(၂)ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။


ဤအစီအစဉ်သည် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပသောအခမ်းအနားဖြစ်ပြီး ဒစ်ဂျစ်တယ်မီဒီယာ ဖန်တီးမှုများဖြင့် နှစ်နိုင်ငံလူငယ်များ အပြန်အလှန် ဆက်ဆံရေးကို နက်ရှိုင်းစေကာ "ပေါက်ဖော်" ချစ်ကြည်ရေး ပိုမိုခိုင်မာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။



ပေါင်းစန်းမြို့သည် မြန်မာ-တရုတ်နယ်စပ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသသို့ မျက်နှာမူသည့် တရုတ်နိုင်ငံ၏ အရေးပါသော တံခါးပေါက်တစ်ခုလည်းဖြစ်သည်။ ဤအစီအစဉ်တွင် မြန်မာ-တရုတ်လူငယ် ဖန်တီးရှင် (၁၀)ဦးကျော်ပါဝင်ကာ ၎င်းတို့သည် ၇ ရက်တာအတွင်း ပေါင်းစန်းမြို့၏ လုံးယန်းမြို့နယ်၊ ထိန်ချုံးမြို့ စသည့်နေရာများသို့ သွားရောက်ကာ ကော်ဖီထုတ်လုပ်မှုလုပ်ငန်း၊ ရေပူစမ်း ကျန်းမာရေးစင်တာ စသည့် တမူဆန်းသစ်သည့် စီးပွားရေးလုပ်ငန်းများကို သွားရောက်လေ့လာြကည့်ရှုပြီး တရုတ်စစ်တုရင် Yong zi ၊ အရုပ်ပုံရိပ်ပြဇာတ်စသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကိုယ်တိုင်ထိတွေ့ခံစားကာ မြန်မာ-တရုတ် နှစ်ဘာသာဖြင့် သတင်းများဖော်ပြသွားကြမည် ဖြစ်သည်။



အခမ်းအနားဖွင့်ပွဲတွင် တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ပေါင်းစန်းမြို့ပြန်ကြားရေးဌာန အမြဲတမ်းဒုတိယညွှန်ကြားရေးမှူး Liu Xinping က မြန်မာ-တရုတ် ကိုယ်စားလှယ်များအား တောင်တန်းအလှတရား၊ နက်ရှိုင်းသောယဉ်ကျေးမှု၊ နေထိုင်ရန်သင့်လျော်သောဂေဟစနစ်၊ အရသာကောင်းမွန်သော စားကောင်း သောက်ဖွယ်များ တစ်စုတစ်စည်းတည်းပိုင်ဆိုင်ထားသော ပေါင်းစန်းမြို့သို့ လာရောက်ရန်ဖိတ်ခေါ်ခဲ့သည်။


မြန်မာနိုင်ငံမှ ရွှေဇာမဏီသတင်းစာ အယ်ဒီတာချုပ် Zhang Chong က မြန်မာဘက်မှ မီဒီယာကိုယ်စားလှယ်အဖြစ် မိန့်ခွန်းပြောကြားရာ မြန်မာ-တရုတ် မီဒီယာပူးပေါင်းဆောင်ရွက်မှုသည် "အပြန်အလှန်လေးစားမှု၊ နှစ်ဦးနှစ်ဖက်တန်ဖိုးနားလည်မှု" အပေါ်တွင် အခြေခံရမည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်ပူးပေါင်းစီမံကိန်းရေးဆွဲခြင်း၊ အကြောင်းအရာများ ပူးပေါင်းဖန်တီးခြင်းစသည့် နည်းလမ်းများဖြင့် နှစ်နိုင်ငံပရိသတ်များ၏ စိတ်ခံစားမှုနီးစပ်အောင် လမ်းဖွင့်ပေးသင့်ကြောင်းပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် "ပေါင်းစန်း နိုင်ငံခြားဆက်သွယ်ရေး ဖလှယ်ရေးပလက်ဖောင်း" ကို တရားဝင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤပလက်ဖောင်းသည် "China Baoshan" ဟူသော အမှတ်တံဆိပ်ကို အသုံးပြုပြီး တောင်အာရှနှင့် အရှေ့တောင်အာရှဒေသသို့ အဓိကမျက်နှာမူမည် ဖြစ်သည်။ တရုတ်၊ မြန်မာနှင့် အင်္ဂလိပ် ဘာသာစကားသုံးမျိုးဖြင့် ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ပလက်ဖောင်းတွင် ယဉ်ကျေးမှုခရီးသွားမိတ်ဆက်၊ စက်မှုလုပ်ငန်းနှင် ပတ်သက်သောသတင်းများ၊ မူဝါဒဖော်ပြချက်များစသည့် အကြောင်းအရာများပါဝင်ကာ "ပေါက်ဖော်ပုံပြင်" သတင်းစဉ်ကိုလည်း ဖွင့်လှစ်ထားပြီး မြန်မာ-တရုတ်ပြည်သူများ နေထိုင်မှုအတွေ့အကြုံများကို မျှဝေသွားမည်ဖြစ်သည်။

"တောတောင်တစ်နေရာက ကော်ဖီတစ်ခွက်" မှ "ဖန်သားပြင်ပေါ်က ဗီဒီယိုတစ်ခု" အထိ၊ ပေါင်းစန်းသည် ဒစ်ဂျစ်တယ်မီဒီယာဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံပြည်သူများ နှလုံးသားချင်း ဆက်သွယ်မှု အခန်းကဏ္ဌသစ်များကို ရေးသားနေသည်။ နှစ်နိုင်ငံလူငယ်များ၏ အပြန်အလှန်စကားပြောဆိုမှုများမှတဆင့် မြန်မာ-တရုတ် ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေးကို ပိုမိုအကျိုးပြုလုပ်ဆောင်သွားနိုင်မည်ဖြစ်ပေသည်။
Shin@Baoshan
